fbpx

Knowledge grows stories

Knowledge grows stories

ကျေးလက်နေအမျိုးသမီးများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း

အမျိုးသမီးစိုက်ပျိုးရေးပညာရှင်များ၏ ပြောင်းလဲတိုးတက်လာသည့် အခန်းကဏ္ဍ

 ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးနှင့် ရေရှည်တည်တံ့သော အစားအစာစနစ်များကို ရှာဖွေဖော်ထုတ်ရေးတို့တွင် ကျေးလက်နေအမျိုးသမီးများ၏ အခန်းကဏ္ဍသည် အဓိကကျသော်လည်း ရံဖန်ရံခါတွင် အသိအမှတ်ပြုခြင်းမခံရပေ။ အရှေ့အာဖရိက၊ မြန်မာနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံတို့မှ စေတနာရှင် အမျိုးသမီးစိုက်ပျိုးရေးပညာရှင်များနှင့် ကျေးလက်လယ်သမားများ၏ အသံများမှတဆင့် ကျေးလက်နေအမျိုးသမီးများ၏ အရေးပါသော အခန်းကဏ္ဍနှင့် Yara ၏ Women in Agronomy (WiA) အစီအစဉ်ကဲ့သို့သော ပြောင်းလဲတိုးတက်ရေးဆိုင်ရာ အစပျိုးမှုများကို ကျွန်ုပ်တို့ ဆက်လက်ဆောင်ရွက် နေပါသည်။

ကျေးလက်နေအမျိုးသမီးများသည် ကမ္ဘာ့စိုက်ပျိုးရေးလုပ်သားအင်အား၏ထက်ဝက်နီးပါး (၄၃%)ခန့်ရှိပြီး ကျေးလက်စီးပွားရေး၏ ပင်မအချက်အချာဖြစ်သည်။ ၎င်းတို့သည် လူမှုအသိုင်းအဝန်းများအတွက် စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝမှုကို ပံ့ပိုးပေးနိုင်သောကြောင့် အခကြေးငွေမရရှိသော ပြုစုစောင့်ရှောက်မှုနှင့် မိသားစုများ၊ အိမ်ထောင်စုများအတွက် အိမ်တွင်းမှုကိစ္စများစွာကို လုပ်ဆောင်နေ ကြရပါသည်။

ဤကဲ့သို့ မရှိမဖြစ်လိုအပ်သော ပံ့ပိုးကူညီမှုများကို လုပ်ကိုင်နေကြရသော်ငြားလည်း ကျေးလက်နေ အမျိုးသမီးများသည် မြေယာနှင့် မွေးမြူရေးလုပ်ငန်းဆိုင်ရာ ပိုင်ဆိုင်မှု၊ လုပ်ခလစာတူညီစွာ ခံစားခွင့်၊ ဆုံးဖြတ်ချက်ချရာတွင် ပါဝင်မှု၊ အရင်းအမြစ်များရရှိမှု၊ ချေးငွေနှင့် စျေးကွက်ရရှိရေးတို့တွင် သိသာထင်ရှားသော ခွဲခြားဆက်ဆံမှုများအား ရင်ဆိုင်နေရဆဲဖြစ်ပါသည်။

လယ်ယာစားနပ်ရိက္ခာစနစ်များတွင် အမျိုးသမီးများ၏ ရပ်တည်မှုအခြေအနေနှင့် ပတ်သက်သည့် ကုလသမဂ္ဂနောက်ဆုံးအစီရင်ခံစာ၌ သက်တူရွယ်တူ အမျိုးသမီးနှင့် အမျိုးသားများက စီမံခန့်ခွဲသည့် လယ်ယာမြေများကြား ထုတ်လုပ်နိုင်သည့် မြေယာကုန်ထုတ်စွမ်းအား၌ ကျားမကွာဟမှုမှာ ၂၄% ရှိကြောင်း ဖော်ပြထားသည်။ ပျမ်းမျှအားဖြင့် လယ်ယာစိုက်ပျိုးရေးတွင် လုပ်ခလစာဖြင့် လုပ်ကိုင်နေကြ သော အမျိုးသမီးများသည် အမျိုးသားများ တစ်ဒေါ်လာရရှိချိန်တွင် ၈၂ ဆင့်သာ ရရှိကြပါသည်။

ထို့အပြင် အခကြေးငွေမရရှိသော ပြုစုစောင့်ရှောက်မှုနှင့် အိမ်မှုကိစ္စများ၏ ပိုမိုမြင့်မားလာသော ဝန်ထုပ်ဝန်ပိုးသည် ကျေးလက်နေအမျိုးသမီးများ၏ အသိပညာဆည်းပူးခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နှင့် လူမှုကွန်ရက်များ အသုံးပြုခွင့်ကို တားဆီးကန့်သတ်ထားပါသည်။

မိခင်တစ်ယောက်ဖြစ်ဖို့နဲ့ သီးနှံတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့က ခက်ခဲပါတယ်။ ကလေးတစ်ဖက်နဲ့ သီးနှံစီမံခန့်ခွဲမှုကို ဟန်ချက်ညီညီ လုပ်ကိုင်နေရတာက အမြဲတမ်း စိန်ခေါ်မှုတစ်ရပ်ပဲလေ။

Elizabeth Silva ၊ ကိုလံဘီယာနိုင်ငံ၊ Santander ပြည်နယ်၊ Sabana De Torres မြို့မှ အသေးစား ဆီအုန်းစိုက်ပျိုးသည့် တောင်သူ

 ကွာဟချက်အား လျှော့ချခြင်း။

Yara ၏ Women in Agronomy Program အား စိုက်ပျိုးရေးကဏ္ဍတွင် အမျိုးသမီးများက အမျိုးသမီးများအတွက် ဆောင်ရွက်ပေးနေသည့် ကမ္ဘာလုံးဆိုင်ရာကွန်ရက်တစ်ခုမှတဆင့် အဆိုပါ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ပုံဖော်ထားပါသည်။ အစီအစဉ်သည် စိုက်ပျိုးရေးနှင့် ပတ်သက်သော နယ်ပယ်များတွင် အမျိုးသမီးများ ပိုမိုတိုးတက်လာစေရန်၊ ရေရှည်လုပ်ကိုင်နိုင်ရန်နှင့် ဆွဲဆောင်စည်းရုံးရန် ရည်ရွယ်ပါသည်။ ယနေ့အချိန်အထိ အမျိုးသမီး ၂၄၀ ကျော်သည် ဘွဲ့ရရှိထားပြီး ဖြစ်ပါသည်။

လုပ်ငန်းခွင်တွင် ကျားမတန်းတူညီမျှမှုအလားအလာအတွက် ကူညီပံ့ပိုးမှုရရှိရန်နှင့် ကိုယ်စားလှယ် တာဝန်ယူရန်အတွက် ကွန်ရက်သည် အမျိုးသမီးစိုက်ပျိုးရေးပညာရှင်များအား တမူထူးခြားသော အခွင့်အလမ်းတစ်ခုကို ပေးအပ်ထားပါသည်။ ကွန်ရက်အဖွဲ့များမှတစ်ဆင့် ၎င်းတို့သည် အဖွဲ့ဝင် အမျိုးသမီးများနှင့် ဆွေးနွေးခြင်း၊ အသိပညာမျှဝေခြင်းနှင့် ကူးလူးဆက်သွယ်မှုများအတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်များကို ဖန်တီးဖော်ဆောင်ပေးထားပါသည်။

အဲလစ်ဇဘက်သည် ကိုလံဘီယာမှ နည်းပညာပိုင်းဆိုင်ရာ စိုက်ပျိုးရေးပညာရှင် Martha España Guecha နှင့် ၎င်း၏ဆက်ဆံရေးကို ဖော်ထုတ်ပြသပြီး ၎င်းတို့အချင်းချင်း အပြန်အလှန်ပံ့ပိုးပေးကြပါသည်။

Martha နဲ့ အတူ ကျွန်မရဲ့ ကြိုးစားမှုက ရလာတဲ့ ပျော်ရွှင်မှုတွေကို မျှဝေပါတယ်။ ဒါက အပြန်အလှန် ပံ့ပိုးပေးနေကြတဲ့ ဆက်ဆံရေးတစ်ခုပဲလေ။ သူမက ကျွန်မကို ပံ့ပိုးပေးနေတဲ့လူ၊ စွမ်းဆောင်ရည်မြှင့်တင် ပေးနေတဲ့လူပဲလေ

လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်‌များကို ဖန်တီးပေးခြင်း။

အမျိုးသမီးစိုက်ပျိုးရေးပညာရှင်တို့၏ ကျွမ်းကျင်မှုသည် စိုက်ပျိုးရေးကဏ္ဍတွင် လိုအပ်သည်ထက် ကျော်လွန်နေပါသည် - အဆိုပါကျွမ်းကျင်မှုတွင် ကျေးလက်နေအမျိုးသမီးများ၏ နေ့စဉ်ဘဝ၌ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ကောင်းစွာနားလည်သဘောပေါက်ခြင်းတို့ပါဝင်ပါသည်။ စိုက်ပျိုးရေးကဏ္ဍတွင် အမျိုးသမီးများ၏ ပါဝင်မှုကို ထိခိုက်စေသော လူမှုစံနှုန်းများနှင့် တင်းကျပ်သော ကျားမဆိုင်ရာအခန်းကဏ္ဍများကို လမ်းညွှန်ခြင်းနှင့် ဖြေရှင်းခြင်းတို့ကိုဆောင်ရွက်နေစဉ် ၎င်းတို့အနေဖြင့် အရေးကြီးသော အသိပညာဗဟုသုတများကို ပံ့ပိုးပေးပါသည်။

Zar Zar Win and female farmer, in Myanmar

မြန်မာနိုင်ငံမှ စိုက်ပျိုးရေးပညာရှင် ဇာဇာဝင်းက

အမျိုးသမီးစိုက်ပျိုးရေးပညာရှင်တွေက လယ်သူမတွေ အတွက် လွတ်လပ်ပြီး လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးပါတယ်။ တချို့ ကျေးလက်နေအမျိုးသမီးတွေက မိသားစု ဒါမှမဟုတ် အမျိုးသမီးတွေရဲ့ ကျန်းမာရေးကိစ္စရပ်တွေအပြင် သူတို့ရဲ့ကုန်ထုတ်စွမ်းအားအတွက် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲအတားအဆီးတွေကိုပါ အမျိုးသမီးတစ်ဦးနဲ့ ဆွေးနွေးရတဲ့အခါ ပိုပြီးသက်တောင့်သက်သာရှိစေပါတယ်။ အမျိုးသမီးစိုက်ပျိုးရေး ပညာရှင်တစ်ယောက်အနေနဲ့ အရေးပါတဲ့ အသိပညာဗဟုသုတတွေကို မျှဝေနေချိန်မှာ ယဉ်ကျေးမှုနှင့် ကျားမစံနှုန်းတွေကို သိနားလည်နေပြီး အလေးထားပါတယ်။

ပြောင်းလဲမှုတွေကို ဆောင်ရွက်နေသော ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း။

Women in Agronomy အစီအစဉ်သည် အမျိုးသမီးစိုက်ပျိုးရေးပညာရှင်များကို ၎င်းတို့၏အဖွဲ့များနှင့် လူမှုအသိုင်းအဝိုင်းများအတွင်း ပြုပြင်ပြောင်းလဲမှုများ၏ ကိုယ်စားလှယ်ဖြစ်လာစေရန် စွမ်းဆောင်ရည် မြှင့်တင်ပေးပါသည်။ ဤကဲ့သို့ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းသည် အပြန်အလှန်အားဖြင့် အခြားအမျိုးသမီးများနှင့် နောက်လာမည့်မျိုးဆက်များအတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများရှိစေပြီး အမျိုးသမီးများအတွက် လုပ်ငန်းခွင်အခြေအနေများ၊ လယ်သူမများ အတွက် သက်မွေးဝမ်းကျောင်းပြုခြင်းများနှင့် လူ့အဖွဲ့အစည်းအတွက် အလုံးစုံသာယာဝပြောရေးတို့ကို တိုးတက်ဖြစ်ထွန်းစေပါသည်။

ကျွန်မ ချီးကျူးဖော်ပြချင်တဲ့ အမှတ်တရကောင်းတစ်ခုကတော့ လယ်သမားခေါင်းဆောင် Irene က သူ့ခြံထဲမှာ လေ့ကျင့်ရေးအစီအစဉ်တစ်ခု စီစဉ်ပြီး သင်တန်းတက်ဖို့ ဖိတ်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ လယ်သမားချင်း အသိပညာပေးဖို့ သူ့ရဲ့ကတိကဝတ်တွေက ချီးကျူးဂုဏ်ပြုစရာပါပဲ

ဟု အရှေ့အာဖရိက ရှိ အရောင်းစိုက်ပျိုးရေးပညာရှင် Ann Njambi Gachanja က မျှဝေထားပါသည်။

ရှေးရိုးစွဲ ကျားမဆိုင်ရာ အခန်းကဏ္ဍကို စိန်ခေါ်ခြင်း။

လုပ်ငန်းခွင်များ၌ အမျိုးသမီး စိုက်ပျိုးရေးပညာရှင်များ ပါဝင်လုပ်ကိုင်နေခြင်းသည် ရှေးရိုးစွဲ ကျားမစံနှုန်းများကို စိန်ခေါ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွင် အမျိုးသမီးပါဝင်မှု ပိုမိုအားကောင်းစေပါသည်။ လုပ်ငန်းခွင်တွင် ကျွမ်းကျင်သူများအဖြစ် ၎င်းတို့၏ ပေါ်လွင်ထင်ရှားစွာ လုပ်ကိုင်နေခြင်းသည် လွှမ်းမိုးနိုင်စွမ်းရှိသည့် သတင်းစကားတစ်ခု ပေးပို့လိုက်ခြင်းဖြစ်ပါသည် - အမျိုးသမီးများသည် စွမ်းဆောင်ရည်ရှိရုံမျှမက၊ ၎င်းတို့သည် လယ်ယာကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သော ပံ့ပိုးကူညီသူများ လည်း ဖြစ်ကြပါသည်။

အရှေ့အာဖရိကရှိ Customer Relations Representative တစ်ဦးဖြစ်သော Winjoy Kendi က သူမ၏ ခရီးစဉ်ကို ပြန်ပြောင်းသုံးသပ်ပြောဆိုပါသည်-

ကျွန်မက စိုက်ပျိုးရေးနဲ့ ဘွဲ့ယူဖို့ စာရင်းသွင်းတဲ့အခါ အမျိုးသမီး အတော်များများက အချိန်ဖြုန်းတာပဲဖြစ်တယ်။ ဒါဟာ အသက်မွေးဝမ်းကြောင်းကောင်း တစ်ခုကို ရွေးချယ်တာမဟုတ်ဘူးလို့ ထင်နေကြတာ။ ဘွဲ့ရပြီးလို့ လုပ်ငန်းခွင်စိုက်ပျိုးရေးပညာရှင်အဖြစ် အလုပ်ရခဲ့ပြီး နည်းပညာအသုံးပြုတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ သူတို့တွေရဲ့ စိုက်ပျိုးရေးအလေ့အကျင့်တွေ တိုးတက်ကောင်းမွန်လာဖို့အတွက် ရပ်ရွာကို ပြန်သွားခဲ့တဲ့ အချိန်ထိတောင်မှ ထင်နေကြတုန်းပါပဲ။ အဲဒီနောက်မှာတော့ တော်တော်များများက ကျွန်မရဲ့အလုပ်ကို သဘောကျလာပြီး ဒီလုပ်ငန်းခွင်မှာပဲ စွန့်စားပြီး ပိုကောင်းအောင်လုပ်ဖို့ စိတ်ဓာတ်တက်ကြွရပါတယ်။

သဘာဝကို အကျိုးပြုသော အစားအစာအနာဂတ်အတွက် အမျိုးသမီးများစွမ်းဆောင်ရည် တိုးလာစေ ခြင်း။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အမျိုးသမီးများစွမ်းဆောင်ရည်တိုးတက်လာခြင်းသည် ကျားမတန်းတူ ညီမျှမှုရရှိရေးအတွက်သာမက၊ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် လွန်စွာအကျိုးများစေပါသည်။

လယ်ယာကုန်ထုတ်စွမ်းအားနှင့် လယ်ယာထွက်ကုန်ဆိုင်ရာ အလုပ်အကိုင်များတွင် ကျားမခွဲခြားခြင်းကို ပယ်ဖျက်လိုက်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်းအသားတင်ထုတ်ကုန် ၁% (အမေရိကန် ၁ ထရီလီယံ နီးပါး) တိုးလာမည်ဟု သုတေသနများက ဖော်ပြထားပါသည်။ ယင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာမလုံလောက်မှုကို ၂ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး စားနပ်ရိက္ခာမလုံလောက်သော လူဦးရေ ၄၅ သန်းအထိ လျှော့ချနိုင်သည်။ (The Status of Women in Agrifood Systems, 2023)

ထို့အပြင် အမျိုးသမီးများသည် အသိပညာနှင့် အတတ်ပညာများကို မျှမျှတတ ရရှိနိုင်သောအခါ၊ ၎င်းတို့သည် လယ်ကွင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချပြီး မြေဆီလွှာကျန်းမာရေးကို မြှင့်တင်ပေး၍ အာဟာရနှင့် အရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်မှုကို တိုးလာစေမည့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များကို တိုးမြင့်စေနိုင်ပါသည်။

ရေရှည်ကျင့်သုံးနေတဲ့ စိုက်ပျိုးရေးအလေ့အကျင့်တွေနဲ့ စားနပ်ရိက္ခာဖူလုံရေးကို မြှင့်တင်ဖို့အတွက် စိုက်ပျိုးရေးကဏ္ဍမှာ အမျိုးသမီးတွေပါဝင်မှုက မရှိမဖြစ်လိုအပ်ပါတယ်။ အမျိုးသမီးတွေက စိုက်ပျိုးနည်းစနစ်နဲ့ ရေရှည်တည်တံ့မှုအတွက် တမူထူးခြားတဲ့ အမြင်နှင့် ကိုင်တွယ်ဖြေရှင်းမှုတွေကို ယူဆောင်လာပါတယ်

ဟု Martha Guecha က ပြောဆိုပါသည်။ Yara ၏ Women in Agronomy ကဲ့သို့သော အစီအစဉ်များသည် စိန်ခေါ်မှုများကို ကျော်လွှားရန်၊ အချင်းချင်းပံ့ပိုးကူညီရန်နှင့် အပြောင်းအလဲကောင်းများဖြစ်ပေါ်လာစေရန် အမျိုးသမီးစိုက်ပျိုးရေး ပညာရှင်များနှင့် ကျေးလက်နေအမျိုးသမီးများ၏ စွမ်းဆောင်ရည်အား မြှင့်တင်ပေးပါသည်။ ကျေးလက်ဒေသများရှိ အမျိုးသမီးများ ကြုံတွေ့နေရသည့် တမူထူးခြားသော ရုန်းကန်လှုပ်ရှားမှုများကို အသိအမှတ်ပြုပြီး ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် ကျွန်ုပ်တို့သည် သဘာဝကို အကျိုးပြုသည့် အစားအစာ အနာဂတ်တစ်ခုအတွက် လမ်းခင်းပေး၍ အားလုံးပါဝင်လာပြီး ရေရှည်တည်တံ့သော အစားအစာစနစ် များကို ဖန်တီးပေးနိုင်ပါသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅