fbpx

Knowledge grows stories

Knowledge grows stories

မြေသြဇာနှင့်ပတ်သက်သည့် အရေးကြီးသော အချက်ငါးချက်

၁၉၀၈ ခုနှစ် ဒီဇင်ဘာလတွင် Sam Eyde နှင့် Kristian Birkeland တို့သည် နော်ဝေနိုင်ငံ၊ Notodden မြို့တွင် နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။ အဆိုပါထူးခြားသော အောင်မြင်မှုသည် လယ်ယာကုန်ထုတ်စွမ်းအားကို တိုးမြင့်လာစေပြီး ယနေ့ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်သည် ဓာတ်မြေသြဇာ၏အကျိုးကျေးဇူးကြောင့် စားနပ်ရိက္ခာများကို အဆင်သင့် ရရှိလာစေခဲ့ပါသည်။ ဤသည်မှာ သက်ရှိများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကျွန်ုပ်တို့ကမ္ဘာကြီးကို အာဟာရဓာတ်ပြည့်ဝစေရေးတွင် ဓာတ်မြေသြဇာများနှင့် ၎င်းတို့အရေးပါပုံကို သိရှိထားသင့်သည့် အရေးကြီးသော အချက်ငါးချက်ပင်ဖြစ်ပါသည်။

qMy7B1

အချက် (၁) - မြေဩဇာများသည် မြေဆီလွှာကို မပျက်စီးစေပါ။

ဓာတ်မြေသြဇာများက အပင်များကောင်းစွာရှင်သန်ကြီးထွားရန် လိုအပ်သော အာဟာရများကို ပံ့ပိုးပေးခြင်းသည် မြေဆီလွှာပြန်လည်ကောင်းမွန်လာစေသော အဓိကအချက်ဖြစ်သည်။

သဘာဝအတိုင်းရရှိသော အရေးပါသည့် အပင်အာဟာရ (၁၇) မျိုးမှာ - အများလိုအာဟာရဖြစ်သော နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဆာလဖာ၊ မဂ္ဂနီဆီယမ်၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊ ကာဗွန်၊ အနည်းလိုအာဟာရဖြစ်သော သံဓာတ်၊ ဘိုရွန်၊ ကလိုရင်း၊ မဂ္ဂနီယမ်၊ ဇင့်၊ ကြေးနီ၊ မိုလစ်ဒီနမ်နှင့် နီကယ်တို့ဖြစ်ကြပါသည်။ သီးနှံများ ရိတ်သိမ်းချိန်တွင် အာဟာရဓာတ်များကို သီးနှံက စုပ်ယူကြသည်။ ထို့ကြောင့် မြေဆီလွှာရှိ အရေးကြီးသော အာဟာရဓာတ်များကုန်ခမ်းသွားကြသည်။ မြေဆီလွှာသည် အာဟာရဓာတ် အားလုံးကို မကြာခဏ သူ့အလိုလိုပြန်လည်ဖြည့်တင်းနိုင်စွမ်းမရှိသောကြောင့် ကုန်ခမ်းသွားနေသော အာဟာရဓာတ်များကို ပြန်လည်ဖြည့်ဆည်းရာတွင် ဓာတ်မြေသြဇာသည် လွန်စွာအရေးကြီးပါသည်။ အပြန်အလှန်အားဖြင့်၊ မြေဆီလွှာသည် သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကို တိုးတက်စေနိုင်သည်။

အမေရိကန်တစ်နိုင်ငံတည်းတွင်၊ ပိုမိုကောင်းမွန်ထိရောက်စွာ စိုက်ပျိုးခြင်းဖြင့် ၁၉၆၈ (၁) မှစ၍ ပျမ်းမျှပြောင်းအထွက်နှုန်းသည် နှစ်ဆကျော် တိုးလာခဲ့သည်။

မြေဆီလွှာပြန်လည်ကောင်းမွန်လာစေရန်အတွက် သဘာဝနှင့် ဓာတ်သတ္တုမြေသြဇာနှစ်မျိုးလုံးကို အသုံးပြုနိုင်သည်။ သဘာဝမြေသြဇာများ၏ အာဟာရပါဝင်မှုမှာ အချိုးအစားမျှတမှုမရှိဘဲ မြေဆီလွှာ ကျန်းမာရေးနှင့် ရာသီဥတုက ပြုပြင်ပြောင်းလဲနိုင်ပြီး ဓာတ်သတ္တုမြေသြဇာများသည် အာဟာရ စုစည်းပါဝင်မှုမြင့်မား၍ အလွယ်တကူရရှိနိုင်ပါသည်။ သို့သော်၊ ဓာတ်သတ္တုမြေသြဇာနှင့် သဘာဝ ဓာတ်မြေသြဇာများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်အားဖြည့်ပေးသောကြောင့် ပြီးပြည့်စုံသော အာဟာရဓာတ်ပါဝင်မှုအစီအစဉ်တစ်ခုအနေဖြင့် နှစ်ခုစလုံးကို ပေါင်းစပ်အသုံးပြုသင့်ပါသည်။

ဓာတ်မြေသြဇာတွေက သစ်တောပြုန်းတီးမှုကို လျှော့ချပေးဖို့၊ မြေဆီလွှာကျန်းမာရေးကို ပြန်လည် ကောင်းမွန်လာစေဖို့နဲ့ တိုးလာတဲ့ ကမ္ဘာ့လူဦးရေအတွက် အစားအစာ လုံလုံလောက်လောက် ထုတ်လုပ်နိုင်စေဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

Ole-Jacob Siljan, Yara Porsgrunn ၏ Plant Manager

အချက် ၂ - ဓာတ်မြေသြဇာများသည် သဘာဝဒြပ်စင်များဖြင့် ပေါင်းစပ်ပြုလုပ်ထားသည်။

မြေသြဇာအမျိုးမျိုးတွင်ပါရှိသော အာဟာရဓာတ်အားလုံးကို သဘာဝအတိုင်း တွေ့ရှိရသည်။

ဓာတ်သတ္တုမြေသြဇာများတွင် အသုံးအများဆုံး အာဟာရအရင်းအမြစ်များမှာ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နှင့် ဖော့စဖိတ်တို့ဖြစ်သည်။ ဤသဘာဝအရင်းအမြစ်များကို စက်မှုနည်းပညာဖြင့် ပြုပြင်ခြင်းဖြင့် ဓာတ်သတ္တုမြေသြဇာဖြစ်လာပါတော့သည်။ နိုက်ထရိုဂျင်သည် ကျွန်ုပ်တို့ရှူရှိုက်သည့်လေထုတွင် ၇၈% ပါဝင်နေသော်လည်း အပင်များသည် အဆိုပါဓာတ်ငွေ့ကို လေထုမှ တိုက်ရိုက်ရရှိနိုင်ခြင်းမရှိသောကြောင့် ၎င်းတို့အနေဖြင့် အမြစ်များမှ တဆင့် မြေဆီလွှာမှ ရယူရန် လိုအပ်ပါသည်။

နိုက်ထရိုဂျင်ဓာတ်မြေသြဇာထုတ်လုပ်ခြင်းတွင် အသုံးအများဆုံးလုပ်ငန်းစဉ်မှာ လေထုမှ နိုက်ထရိုဂျင် ဓာတ်ငွေ့နှင့် သဘာဝဓာတ်ငွေ့မှ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တို့ ရောနှောပြီး အမိုးနီးယားဓာတ်ငွေ့ ထုတ်လုပ်ခြင်းပဲဖြစ်ပါသည်။

ပိုတက်စီယမ်သည် လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက ပေါ်ပေါက်လာခဲ့သော သက်တမ်းရင့် ပင်လယ်နှင့် ရေကန်ကြမ်းပြင်များမှ အဓိကရရှိပါသည်။ ပိုတက်စီယမ်အရင်းအမြစ်များသည် မြေဆီလွှာမျက်နှာပြင်အောက် (၁-၂ ကီလိုမီတာအနက်) တွင် ရံဖန်ရံခါတည်ရှိသောကြောင့် အပင်အမြစ်များသည် ၎င်းတို့၏ သဘာဝအတိုင်း ရရှိနိုင်စွမ်းမရှိပါ။

ပိုတက်စီယမ်ဓာတ်မြေသြဇာများသည် သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ပိုတက်စီယမ်ကလိုရိုက် ပေါ်တွင် အခြေခံထားသည်။ ၎င်းသည် စားပွဲတင်ဆား - ဆိုဒီယမ်ကလိုရိုက်နှင့် အနည်းငယ် ဆင်တူပါသည်။

ထင်း သို့မဟုတ် ကောက်ရိုးကို မီးရှို့ရာမှ ရရှိလာသော ပြာမှုန်များသည် ပိုတက်စီယမ်ဓာတ် မြင့်မားသောကြောင့် “ပိုတက်ရှ်” ဟူသော အမည်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဖော့စဖိတ်သည် ရေတွင် မပျော်ဝင်နိုင်သော ကယ်လ်စီယမ်ဖော့စဖိတ်ကျောက်များမှ အဓိက ရရှိသောကြောင့် – “ကျောက်ဖော့စဖိတ်” ဟုလည်း မကြာခဏ ရည်ညွှန်းပြောဆိုပါသည်။ ဤနည်းလမ်းဖြင့် အပင်များသည် ရရှိနိုင်ခြင်းမရှိပါ။ ကျောက်ဖော့စဖိတ်ကို အပင်များအတွက် သင့်လျော်ကောင်းမွန်သော ဓာတ်မြေဩဇာများဖြစ်လာစေရန် ဓာတုဗေဒနည်းတစ်ခုမှတဆင့် ထုံးစံအတိုင်း ပြုပြင်ပြီး အပင်များတွင် အသုံးပြုနိုင်ပါသည်။ တပြိုင်နက်တည်း အဓိကအာဟာရဓာတ်သုံးခုပါဝင်ပြီး သီးနှံများအထွက်တိုးနိုင်သည့် NPK ဒြပ်ပေါင်း ဓာတ်မြေသြဇာများထုတ်လုပ်ရန်အတွက် နိုက်ထရိုဂျင် (N)၊ ဖော့စဖိတ် (P) နှင့် ပိုတက်စီယမ် (K) တို့ကိုလည်း ပေါင်းစပ်နိုင်ပါသည်။

ဓာတ်သတ္တုမြေသြဇာများကဲ့သို့ပင်၊ သဘာဝဓာတ်မြေသြဇာများကို သဘာဝဒြပ်စင်များ သို့မဟုတ် ဇီဝအခြေခံပစ္စည်းများဖြင့်လည်း ပေါင်းစပ်ထုတ်လုပ်ထားပါသည်။ ၎င်းတို့တွင် တိရစ္ဆာန်စွန့်ပစ်ပစ္စည်း များ၊ သီးနှံအကြွင်းအကျန်များ၊ မြေဆွေး၊ ဇီဝအစိုင်အခဲများနှင့် အခြားအရာများ ပါဝင်ပါသည်။

အချက် ၃ - ဓာတ်မြေသြဇာများသည် ပိုးသတ်ဆေးများနှင့် မတူညီပါ။

အတွေ့ရဆုံးအယူအဆအလွဲကတော့ ဓာတ်သတ္တုမြေသြဇာတွေက ပိုးသတ်ဆေးတွေဖြစ်ပြီး အန္တရာယ်ဖြစ်စေနိုင်တယ်၊ ဒါမှမဟုတ် အဆိပ်သင့်စေနိုင်တယ်ဟု ယူဆနေကြတာပဲဖြစ်ပါတယ်

ဟု ကမ္ဘာ့အကြီးဆုံး NPK ဓာတ်မြေသြဇာထုတ်လုပ်သည့်စက်ရုံ Yara Porsgrunn မှ Plant Manager ဖြစ်သူ Ole- Jacob Siljan က ပြောကြားခဲ့ပါသည်။

ပိုးသတ်ဆေးများသည် ပိုးမွှားများကို ထိန်းချုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း သို့မဟုတ် သဘာဝဓာတုပစ္စည်းဖြစ်ပါသည်။ ပိုးသတ်ဆေးသည် သီးနှံကာကွယ်ရေးဓာတုပစ္စည်းအားလုံးအတွက် အသုံးများပြီး ၎င်းတွင် မှိုရောဂါများကို ထိန်းချုပ်ပေးနိုင်သော မှိုသတ်ဆေးများနှင့် ပေါင်းပင်များကို ထိန်းချုပ်နိုင်သော ပေါင်းသတ်ဆေးများလည်း ပါဝင်ပါသည်။

တစ်နည်းအားဖြင့် ဓာတ်မြေသြဇာများသည် သီးနှံများ ကြီးထွားလာစေရန်အတွက် သဘာဝအာဟာရ ဓာတ်များကို ပံ့ပိုးပေးသည်။

ဓာတ်မြေသြဇာများ၏ အခန်းကဏ္ဍမှာ မြေဆီလွှာအတွက် အာဟာရမှန်ကန်မျှတမှုကို ဖြည့်ဆည်း ပေးခြင်းဖြင့် အထွက်နှုန်းကို မြှင့်တင်ရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများရရှိစေရန် ဖြစ်သည်။

အချက် ၄ - မြေသြဇာသည် ကျွန်ုပ်တို့စားသုံးနေသော အပင်များကို ပြောင်းလဲနိုင်ခြင်း မရှိပါ။

ဓာတ်မြေသြဇာများသည် သီးနှံများ၏ DNA ကို ပြောင်းလဲနိုင်ခြင်းမရှိပါ။ ယင်းအစား၊ ၎င်းတို့သည် အရေးကြီးသော အာဟာရဓာတ်များကို ပေါင်းစပ်ထည့်သွင်းခြင်းဖြင့် သီးနှံများ၏ ကြီးထွားမှုနှင့် အရည်အသွေးကို တိုးတက်စေနိုင်ပါသည်။ မြေဆီလွှာကို လေ့လာသုံးသပ်ပြီး သီးနှံတစ်ခုချင်း၏ လိုအပ်ချက်ကို အတည်ပြုဆုံးဖြတ်ပြီးမှ ထည့်သွင်းရမည့် အာဟာရဓာတ်ပမာဏကို လယ်သမားမှ ရွေးချယ်အသုံးပြုရပါသည်။

ဓာတ်မြေသြဇာကို နည်းမှန်လမ်းမှန်ဖြင့် စိုက်ပျိုးခြင်းသည် သီးနှံများ၏ အထွက်နှုန်း၊ ပုံပန်းသဏ္ဍာန် နှင့် အာဟာရတန်ဖိုးအပေါ် သက်ရောက်မှုကြီးမားပါသည်။ ဓာတ်မြေသြဇာသည် အာဟာရတန်ဖိုးကို တိုးစေနိုင်သည် - ညာဘက်တွင် နိုက်ထရိုဂျင်ချို့တဲ့သော ခရမ်းချဉ်ပင်၊ ဘယ်ဘက်တွင် အာဟာရဓာတ်ပြည့်ဝမျှတနေသော ခရမ်းချဉ်ပင်။

အချက် ၅ - ဓာတ်မြေသြဇာတွေက သင့်ကို ရောဂါမဖြစ်စေပါဘူး။

ဓာတ်မြေသြဇာအသုံးပြုထားသော စိုက်ခင်းမှ ကောက်ပဲသီးနှံများ သို့မဟုတ် ဓာတ်မြေဩဇာ အသုံးပြုထားသော စားကျက်မြေများတွင် လွှတ်ကျောင်းမွေးမြူထားသည့် တိရစ္ဆာန်အသားများကို စားသုံးခြင်းသည် တိရစ္ဆာန်များနှင့် လူသားများအတွက် မည်သည့်ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာမှ မဖြစ်စေနိုင်ပါ။

တစ်နည်းအားဖြင့် သီးနှံကြီးထွားမှုအတွက် လိုအပ်သော ဓာတ်မြေသြဇာများ၏ အာဟာရဓာတ် များသည် လူသားများ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သော အာဟာရဓာတ်များနှင့် တူညီနေပါသည်။

ဓာတ်မြေသြဇာများသည် ကျွန်ုပ်တို့မှီခိုအားကိုးနေရသော အစားအစာများ၏ အရည်အသွေးနှင့် အာဟာရဓာတ်ဆိုင်ရာ ဂုဏ်သတ္တိများအတွက် အရေးကြီးပါသည်။ ဓာတ်သတ္တုမြေသြဇာများသည် မြေဆီလွှာ၊ ခြံမွေးတိရစ္ဆာန်များနှင့် နောက်ဆုံးအနေဖြင့် လူသားများ စားသုံးရန်အတွက် အရေးကြီးသော အာဟာရအရင်းအမြစ်တစ်ခုဖြစ်ပါသည်။ အပင်များ လိုအပ်သော အာဟာရဓာတ်များရရှိစေရန် ဓာတ်သတ္တုမြေသြဇာများကို တိကျမျှတစွာ အသုံးပြုခြင်းမရှိဘဲ၊ ရရှိလာသော အစားအစာများသည် လူသားတို့၏ကျန်းမာရေးနှင့် ကောင်းကျိုးချမ်းသာအတွက် လိုအပ်သော အရေးကြီးသော အာဟာရဓာတ်များ မပါဝင်ဘဲ ချို့တဲ့နိုင်ပါသည်။

နောက်ဆုံးအနေဖြင့်၊ ဓာတ်မြေသြဇာများ ဂရုတစိုက်ကျွေးခြင်းသည် အာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါများကို တိုက်ဖျက်ရန် ကူညီပေးနိုင်ပါသည်။

အထူးတလည် အာဟာရချို့တဲ့မှုပြဿနာကို ရင်ဆိုင်နေကြရသည့် နိုင်ငံများတွင် သင့်လျော်သော အဏုအာဟာရဓာတ်များ အားဖြည့်ထည့်သွင်းထားသည့် ဓာတ်မြေသြဇာများသည်လည်း လူဦးရေ များစွာ၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါသည်။

ဇင့်နှင့် ဆီလီနီယမ်တို့သည် လူဦးရေများစွာအား အာဟာရဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်ရန် ဓာတ်မြေဩဇာများတွင် အောင်အောင်မြင်မြင် အသုံးပြုနိုင်ပြီဖြစ်သော ဓာတ်သတ္တုနမူနာနှစ်ခု ဖြစ်ကြပါသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅